မနက်ဆိုလျှင် ကုမ္ပဏီသို့သွားပြီး ဝတ္တရားမပျက် အလုပ်လုပ်သလို၊ နေ့လည်ခင်းဆိုလျှင်လည်း ယမုံ့ပန်းဆိုင်ရှေ့သို့ အမြဲသွားကာ အလွမ်းပြေ စောင့်ကြည့်နေကျ။ ဒီလိုနှင့် ညနေစောင်း ယမုံ့ဆိုင်ပိတ်ချိန်သည် သူ့ကုမ္ပဏီရုံးဆင်းချိန်ထက် နောက်ကျတတ်သဖြင့် သူအမြဲတမ်း ကြိုတင်စောင့်ဆိုင်းကာ ယမုံ့ကားလေးနောက်မှ တိတ်တဆိတ် လိုက်လံပို့ဆောင်ပေးခဲ့သည်မှာ အလေ့အထတစ်ခုလိုပင်။
ယမုံ့ကားလေး သူမ၏ ခြံဝန်းထဲသို့ ဝင်ရောက်သွားပြီးနောက် နာရီဝက်မျှကြာသည်အထိ စောင့်ကြည့်ပြီးမှသာ သူ အိမ်သို့ ပြန်လာတတ်သည်။ ဒါတွေက ယမုံ သူ့ဆီမှ ထွက်ခွာသွားခဲ့ကတည်းက နေ့စဉ်ရက်ဆက် သူလုပ်ဆောင်နေကျ အရာများပင် ဖြစ်သည်။ ထိုနေရာမှ ပြန်လာတိုင်းလည်း ယမုံ့အငွေ့အသက်များ ကျန်ရှိနေသေးသည့် အခန်းငယ်လေးထဲတွင် အရက်ပုလင်းနှင့်အဖော်ပြုရခြင်းက သူ့အတွက် မရှိမဖြစ် အလုပ်တစ်ခုလို ဖြစ်နေခဲ့ရော့ပြီ။
အရက်က သူ့နှလုံးသားထဲက နာကျင်မှုများကို အနည်းငယ်တော့ ဖြေဖျောက်ပေးနိုင်သည် မဟုတ်ပါလား။ အခုဆိုလျှင် ယမုံ ထွက်သွားခဲ့သည်မှာ သုံးလပင် ရှိခဲ့ချေပြီ။
တားမြစ်ပိုင်ခွင့် မရှိသူမို့ သူမစိတ်ချမ်းသာစေရန် အဝေးကပဲ ရပ်ကြည့်နေခဲ့ရပေမယ့် အချိန်တွေ ကြာလာလေလေ ယမုံသည် သူ့ဘဝတစ်ခုလုံးစာ ဖြစ်ကြောင်း ပိုမိုသိရှိလာလေ ဖြစ်ခဲ့ရသည်။ ဘာ့ကြောင့်များ သူ ယမုံ့ကို နာကျည်းအောင် လုပ်ခဲ့ပါလိမ့်။
"ဒေါက်... ဒေါက်..."
တံခါးခေါက်သံကြောင့် မေမေဟု သူ ထင်လိုက်မိသည်။ ထို့ကြောင့် ဆံပင်များကို လက်ဖြင့် အာရုံနောက်စွာ ထိုးဖွလိုက်ရင်း-
"တံခါးလော့ခ် မချထားဘူး မေမေ၊ ဝင်ခဲ့လို့ရပါတယ်"
ပြန်လည်ထူးသံလည်း မပေး၊ အထဲသို့လည်း ချက်ချင်းဝင်မလာသည့် မေမေ့ကြောင့် သူ ခပ်ယဲ့ယဲ့ ပြုံးလိုက်မိသည်။ မေမေလည်း သူ့ကို အရက်မသောက်ရန် တားမြစ်ဖို့ လက်လျော့သွားပြီ ထင်ပါရဲ့။ မတတ်နိုင်ဘူးလေ... ဒီနာကျင်မှုတွေကို ခဏတာဖြစ်ဖြစ် မေ့ပျောက်ဖို့က ဒီအရက်တစ်မျိုးပဲ ရှိတာကိုး။
ခဏအကြာတွင်တော့ တံခါးဖွင့်သံနှင့်အတူ ခြေသံသဲ့သဲ့ ကြားလိုက်ရသဖြင့် ခမ်းနား ခပ်နွမ်းနွမ်း ပြုံးလိုက်မိသည်။ မေမေဝင်လာပြီမို့ ဓာတ်ပြားဟောင်းကြီးကို ထပ်မံနားထောင်ရပေဦးမည်။ သူ နောက်သို့ လှည့်မကြည့်တော့ဘဲ-
"မေမေရာ... ခဏလေးပါနော်၊ ကျွန်တော် ဒီတစ်ခွက်သောက်ပြီးရင် အိပ်တော့မှာပါ။ ရင်တွေ အရမ်းပူတယ် မေမေရဲ့... ကျွန်တော် ယမုံ့ကို အရမ်းလွမ်းနေတာ"
ရှေ့တွင် ငှဲ့ထားသည့် ဖန်ခွက်ကို ကောက်ကိုင်လိုက်ရင်း၊ စကားတစ်ခွန်းမှ ပြန်မဆိုသည့် မေမေ့ကြောင့် ခမ်းနား သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်း ချလိုက်ကာ-
"ကျွန်တော့်ကို စိတ်မဆိုးပါနဲ့ မေမေရယ်၊ ဒီတစ်ခွက်ပဲ သောက်ပြီး အိပ်တော့မယ်နော်"
ပြောပြောဆိုဆိုဖြင့် ခွက်ကို နှုတ်ခမ်းနားတေ့ကာ မော့အချတွင်-
"တော်ပါတော့..."
ဟင်...!
သူ့လက်ထဲမှ ဖန်ခွက်ကို ဆွဲယူလိုက်သည့် အသံပိုင်ရှင်ကြောင့် ခမ်းနား၏ ရင်ခုန်သံများ ရုတ်ချည်း မြန်ဆန်လာရကာ၊ နောက်ဖက်က ပုံရိပ်ကလေးကို သူ အံ့ဩမှင်သက်စွာ မော့ကြည့်လိုက်မိသည်။
"ယမုံ... ယမုံ မောင့်ဆီ လာတာလားဟင်"
သူ့လက်ထဲမှ ဖန်ခွက်ကို ဆွဲယူလိုက်သည့် လက်ဖဝါးနုနုလေးက တကယ်ပဲ နွေးထွေးနေဆဲမို့ ခမ်းနား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိသည်။ အယ်လ်ကိုဟောအရှိန်ကြောင့် မျက်ဝန်းတို့ ဝေဝါးနေပေမယ့် ရှေ့တွင် ရပ်နေသည့် ပုံရိပ်ကလေးက သူနေ့ညမပြတ် တမ်းတနေရသည့် ယမုံမှတစ်ပါး အခြားမဖြစ်နိုင်။
ယမုံ ဘယ်လိုနည်းနဲ့ အခန်းထဲအထိ ရောက်လာသလဲ၊ သူ့ဆီကို ယမုံ ဘာ့ကြောင့် ရောက်လာသလဲ...? ထိုအကြောင်းအရာများကို စက္ကန့်ပိုင်းမျှပင် တွေးတောဖို့ သူ့မှာ အချိန်မရှိပါ။ တွေးလည်း မတွေးချင်တော့။ အခုအချိန်တွင် သူ့အတွက် အရေးကြီးဆုံးက ရှေ့က သက်ရှိထင်ရှား ယမုံ့ပုံရိပ်ကလေး ပျောက်ကွယ်မသွားဖို့သာ ဖြစ်သည်။
"ယမုံ... တကယ် ယမုံပဲနော်..."
ခမ်းနား အိပ်မက်တစ်ခုလို ယောင်ယမ်းတမ်းတရင်း ထိုင်နေရာမှ ကုန်းရုန်းထကာ ယမုံ့ရဲ့လက်ကလေးကို သူ့လက်ဖဝါးနှစ်ဖက်လုံးဖြင့် အုပ်မိုးပြီး တုန်တုန်ရင်ရင် ဆုပ်ကိုင်လိုက်မိသည်။ တစ်စက္ကန့်လေးတောင် လွှတ်မပေးချင်တော့သလို ရင်ခွင်ထဲ ဆွဲသွင်းဖက်ထားချင်ပေမယ့် ငြင်းပယ်ခံရမှာကိုလည်း ကြောက်ရွံ့နေသည့် အကြည့်တို့က သူ့မျက်ဝန်းအစုံတွင် အထင်အရှား။
"မောင့်ဆီ... မောင့်ဆီကို တကယ်ပြန်လာတာ ဟုတ်တယ်မလားဟင်၊ မောင် အိပ်မက်မက်နေတာ မဟုတ်ဘူးမလား ယမုံရယ်. ပြောပါဦး"
မျက်ရည်အဝိုင်းသားနှင့် မော့ကြည့်နေသည့် ခမ်းနား၏ စကားသံများက အက်ကွဲပြီး တုန်ယင်နေရှာသည်။ လွန်ခဲ့သည့် သုံးလလုံးလုံး ယမုံ့မျက်နှာလေးကို အဝေးကပဲ ခိုးကြည့်ခဲ့ရသမျှ အခုလို အနီးကပ်တွေ့လိုက်ရချိန်တွင် ခမ်းနားတစ်ယောက် ဝမ်းနည်းစိတ်၊ လွမ်းဆွတ်စိတ်တို့ဖြင့် ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲမတတ် ခံစားနေရသည်။
ယမုံ့လက်ကလေးကို သူ့ပါးပြင်ပေါ် အသာအယာ ကပ်မှီလိုက်ရင်း၊ ကလေးတစ်ယောက်လို သနားစရာကောင်းအောင် တောင်းပန်တိုးလျှိုးနေသည့် မျက်ဝန်းအစုံဖြင့် ယမုံ့ကို စိုက်ကြည့်ကာ မေးခွန်းတစ်ခုကိုပဲ ထပ်ခါတလဲလဲ မေးနေမိတော့သည်...။
"မောင့်ကို စိတ်ဆိုးပြေလို့ လာတာလားဟင်... ယမုံ တကယ် မောင့်ဆီ လာတယ်ဟုတ်လား... ယမုံ မောင့်ကို ခွင့်လွှတ်ပြီလားဟင်"
ယမုံသည် မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည့် ခမ်းနားကို ပြန်လည်ကြည့်ရှုရင်း ရင်ထဲ တလှပ်လှပ် နာကျင်လာရသည်။ လွန်ခဲ့သည့် သုံးလအတွင်း သူ သိပ်ချစ်မြတ်နိုးရသည့် ခမ်းနားတစ်ယောက် ဤမျှအထိ ပျက်စီးယိုယွင်းသွားလိမ့်မည်ဟု မထင်ထားခဲ့မိ။ အမြဲတမ်း သပ်ရပ်စမတ်ကျနေတတ်သော အမျိုးသားက အခုတော့ ဆံပင်များ ရှုပ်ပွကာ၊ မုတ်ဆိတ် နှုတ်ခမ်းမွေး ငုတ်တိုငုတ်စများဖြင့် ဖရိုဖရဲ ဖြစ်နေရှာသည်။
ယမုံ သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချရင်း ခမ်းနားရှေ့တွင်ရှိနေသည့် အရက်ပုလင်းကို ဆွဲယူလိုက်ပြီး အနီးနားရှိ အမှိုက်ပုံးထဲသို့ တစ်ခါတည်း ပစ်ထည့်လိုက်တော့သည်။ ထို့နောက် ကျောခိုင်းရပ်လိုက်ရင်း ရင်ထဲက မချိတင်ကဲဖြစ်မှုတို့ဖြင့် မေးလိုက်မိသည်။
"ဘာလို့ အခုလိုတွေ လုပ်နေရတာလဲ..."
ထိုမေးခွန်းနောက်တွင် ဝမ်းနည်းရိပ်သန်းနေသော ဩရှရှအသံက ကပ်ပါလာသည်။ ခမ်းနားသည် ယမုံ့ထံမှ ထိုအမေးကို ကြားလိုက်ရချိန်၌ နှလုံးသားတစ်ခုလုံး လှုပ်ခတ်သွားရကာ နေရာမှ ချက်ချင်း ထရပ်လိုက်မိသည်။
"မောင် ယမုံ့ကို အရမ်းလွမ်းလို့လေ..."
တိုးသဲ့ညင်းသာသော်လည်း အဓိပ္ပာယ်လေးနက်လွန်းသည့် အဖြေစကားနှင့်အတူ ခမ်းနားက သူ့ကို ကျောခိုင်းထားသည့် ယမုံ့ကျောပြင်နောက်သို့ အသံမထွက်အောင် လျှောက်သွားလိုက်သည်။ လေထဲတွင် လွင့်ပျံနေသည့် ယမုံ့ရဲ့ ကိုယ်သင်းနံ့သင်းသင်းလေးက အစစ်အမှန်ဖြစ်ကြောင်း သေချာသွားသည့်အခါ ခမ်းနား နောက်ကနေပြီး ယမုံ့ရဲ့ ခါးသိမ်သိမ်လေးကို ခပ်ဖွဖွ သိုင်းဖက်ပွေ့ဖက်လိုက်မိတော့သည်။
ထိုသို့ ဖက်လိုက်ချိန်တွင် ယမုံ့ထံမှ ရုန်းကန်သည့် အမူအရာမျိုး လုံးဝမရှိဘဲ ခမ်းနား၏ ရင်ခွင်ကျယ်ကြီးထဲ၌ ငြိမ်သက်စွာ မှီတွယ်ပေးထားရှာသည်။
'ယမုံ မရုန်းဘူး... ယမုံ မောင့်ကို အမုန်းကြီး မမုန်းနေတော့ဘူး!'
စိတ်ထဲက ရေရွတ်နေရင်း ထိုအသိက ခမ်းနား၏ ညှိုးငယ်နေသည့် နှလုံးသားအိမ်ထဲသို့ အလင်းရောင် အဆမတန် ဖြာကျလာသလိုမျိုး ပျော်ရွှင်မှုကို ပေးစွမ်းလိုက်သည်။ ရင်ထဲတွင် ပြည့်သိပ်သွားသည့် ဝမ်းသာပီတိကြောင့် ခမ်းနား မျက်ရည်များပင် ဝဲတက်လာရကာ ယမုံ့ကို ပိုမို တင်းကျပ်စွာ ပွေ့ဖက်ထားမိတော့သည်။ တစ်ကမ္ဘာလုံးကို ပိုင်ဆိုင်လိုက်ရသလို ခံစားချက်မျိုးက သူ့ရင်ဘတ်တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့ပြီ။
"မောင် ယမုံ့ကို သိပ်ချစ်တာပဲ......"
ခမ်းနား တိုးတိုးလေး ကပ်ပြောရင်း ယမုံ့ရဲ့ ဆံနွယ်ရှည်များကို ဘေးသို့ အသာသပ်ကာ ပေါ်ထွက်လာသည့် ဂုတ်သားဖြူဖြူနုနုလေးဆီသို့ မျက်နှာအပ်ကာ ဖိနမ်းလိုက်တော့သည်။
"အာ့... စူးတယ်..."
ခမ်းနား၏ နှုတ်ခမ်းမွေး ငုတ်တိုငုတ်စများက နုနယ်လှသော ဂုတ်သားလေးကို သွားရောက်ပွတ်တိုက်မိသည့်အခါ စူးကနဲ ဖြစ်သွားရသဖြင့် ယမုံ့ကိုယ်လေး တွန့်ခနဲ ဖြစ်ကာ ပခုံးလေး ကျုံ့သွားရှာသည်။ ထိုအထိအတွေ့ကြောင့် ယမုံ့နှုတ်ခမ်းဖျားမှ ညည်းတွားသံလေး ထွက်ပေါ်လာပြီး ရင်ခုန်သံတွေကလည်း စည်းချက်မမှန်စွာ မြန်ဆန်လာရသည်။
ခမ်းနားကတော့ ကိုယ်လေးတွန့်သွားသည့် ယမုံ့ကို ကြည့်ပြီး နှုတ်ခမ်းထောင့်စွန်းတို့ ကွေးညွတ်ကာ အသည်းယားစရာ အပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။ ပြီးနောက် ပိုမိုနူးညံ့သော အနမ်းတို့ဖြင့် ယမုံ့ရဲ့ ပခုံးသားလေးဆီသို့ ရွှေ့ပြောင်းကာ အလွမ်းဖြေရင်း၊ အခန်းငယ်လေးအတွင်း၌ ချစ်သူနှစ်ဦးကြားက နွေးထွေးလှပသော ရင်ခုန်သံများဖြင့်သာ ဖုံးလွှမ်းသွားခဲ့လေတော့သည်...။
🍀🍀🍀
ယမုံသာ သူ့ကို ခွင့်လွှတ်မည်ဆိုလျှင်၊ သူ့အနားက ထပ်ပြီး ထွက်မသွားတော့ပါဘူးဆိုလျှင် သူ နောက်နောင် ဘယ်တော့မှ အရက်မသောက်တော့ပါဟု ခမ်းနားက ကလေးတစ်ယောက်လို အကြိမ်ကြိမ် ကတိပေးပြီးနောက်တွင်မှ ယမုံ အခန်းထဲကနေ ပြန်ဆင်းလာခဲ့သည်။
အောက်ထပ် ဧည့်ခန်းသို့ ရောက်သောအခါ ဆိုဖာပေါ်တွင် သောကဗျာပါဒအပြည့်ဖြင့် ထိုင်စောင့်နေသည့် ဒေါ်ခင်မာလာကို တွေ့လိုက်ရသည်။ ဒေါ်ခင်မာလာသည် အပေါ်ထပ်မှ ဆင်းလာသည့် ယမုံ့ကို မြင်မြင်ချင်း နေရာမှ ထရပ်လိုက်ပြီး၊ မိမိအနားသို့ လျှောက်လာသည့် ယမုံ့ကို အားငယ်သည့် မျက်လုံးများဖြင့် ကြည့်ကာ လက်ကလေးနှစ်ဖက်ကို ဆုပ်ကိုင်လျက် မျက်ရည်ဝဲလျက် ဆိုလာခဲ့သည်။
"ယမုံ... သမီး အဆင်ပြေရဲ့လား ဟင်"
ယမုံက ခေါင်းညိတ်ပြလိုက်ကာ-
"သူ နောက် ဘယ်တော့မှ မသောက်တော့ဘူးလို့ ကတိပေးလိုက်တယ် အန်တီ"
ဒေါ်ခင်မာလာ ပီတိဖြစ်လွန်းသဖြင့်-
"သမီးရယ်... အန်တီ သမီးကို တကယ် ကျေးဇူးတင်ပါတယ်။ သမီးသာ ဒီနေ့ ရောက်မလာရင် ခမ်းနားရဲ့ ဒီပုံစံက ကြာရင် အသက်အန္တရာယ်တောင် ရှိနိုင်တယ်။ သမီးမှ မကယ်ရင် အန်တီ့သား ဘဝ ရေစုန်မျောရလိမ့်မယ် ထင်တယ်..."
ဒေါ်ခင်မာလာ၏ စိုးရိမ်တကြီး ပြောရှာသည့် စကားလုံးများကြောင့် ယမုံ့ရင်ထဲ မကောင်းဖြစ်သွားရသည်။ တကယ်တော့ ခမ်းနားဆီ ယမုံ ရောက်လာခဲ့ခြင်းက ဒေါ်ခင်မာလာကြောင့်ပင် ဖြစ်သည်။
လွန်ခဲ့သည့် ရက်ပိုင်းက ဒေါ်ခင်မာလာတစ်ယောက် ယမုံ့ပန်းဆိုင်လေးဆီ လူကိုယ်တိုင် ရောက်လာခဲ့ဖူးသည်။ အမြဲတမ်း နွေးထွေးပြီး ကိုယ်ချင်းစာတရားအပြည့်ရှိသလို၊ ယမုံ့ကိုလည်း တကယ်လိုလိုလားလားရှိတတ်သည့်ဒေါ်ခင်မာလာလို မိခင်တစ်ယောက်က ယမုံ့ရှေ့တွင် မျက်ရည်ကျကာ သားဖြစ်သူ၏ ပျက်စီးယိုယွင်းနေမှုများကို ရင်ဖွင့်တောင်းပန်ခဲ့ရှာသည်။
'သမီးရယ်... ခမ်းနားက သမီးထွက်သွားပြီးကတည်းက သေလူလို ဖြစ်နေတာ။ နေ့လည်ဆို သမီးဆိုင်ရှေ့ သွားစောင့်ကြည့်တယ်၊ ညဆို သမီးအိမ်ပြန်တာကို ခိုးလိုက်ပို့ပြီး အိမ်ပြန်ရောက်တာနဲ့ သမီးအခန်းထဲမှာ အရက်နဲ့ပဲ အချိန်ကုန်နေတာ သုံးလရှိပြီ... အန်တီ ဘယ်လိုပဲ တားတားမရဘူး။ သမီးကို လွမ်းတဲ့စိတ်နဲ့တင် သားက အရက်တွေ ဖိသောက်နေတာ၊ အန်တီ့သားကို ကူညီပါဦး သမီးရယ်...' ဟု ဆိုကာ ငိုခြင်းချ ကာဒေါ်ခင်မာလာ၏ ဒူးထောက်မတတ် တောင်းပန်စကားများက ယမုံ့နှလုံးသားကို အပြင်းအထန် လှုပ်ခတ်စေခဲ့သည်။
ခမ်းနားအပေါ် ရှိနေသည့် နာကျည်းမှုတရားများက ကာလတစ်ခု ကြာလာသည့်အခါ သံယောဇဉ်နှင့် အချစ်စိတ်ကြောင့် အနည်းငယ် ပြေစပြုနေပြီ ဖြစ်သည်။ ဒေါ်ခင်မာလာ ပြန်သွားပြီးကတည်းက ယမုံ ညပေါင်းများစွာ အကြိမ်ကြိမ် အဖန်ဖန် စဉ်းစားခဲ့ရသည်။ ခမ်းနား၏ အမှားများကို ခွင့်လွှတ်သင့်၊ မသင့် ဝေခွဲမရဖြစ်ခဲ့သော်လည်း ညတိုင်း မိမိကားနောက်ကနေ တိတ်တဆိတ် စောင့်ရှောက်ပြီး လိုက်ပို့ပေးတတ်သည့် ခမ်းနား၏ ကားလေးကို မြင်တွေ့နေရ၍ ရင်ထဲ၌ ငြိမ်သက်မနေနိုင်တော့။
နောက်ဆုံးတွင်တော့... ခမ်းနားကို ယခုထက် ပိုပြီး မပျက်စီးစေချင်တော့သည့်စိတ်၊ နှလုံးသား၏ တောင်းဆိုမှုအတိုင်း တစ်ခေါက်လောက်တော့ အခွင့်အရေး ထပ်ပေးကြည့်မည်ဟူသော ဆုံးဖြတ်ချက်ဖြင့် ခမ်းနားထံသို့ ယမုံ ခြေလှမ်းပြင်ကာ လာခဲ့မိခြင်း ဖြစ်လေတော့သည်။
🌻🌻
"ယမုံ ပြန်တော့မယ် အန်တီ၊ ပန်းခင်းတစ်ခု သွားကြည့်စရာရှိလို့ပါ"
ယမုံ ပြန်တော့မည်ဆိုသဖြင့် ဒေါ်ခင်မာလာ ပြာပြာသလဲ ဖြစ်သွားရကာ-
"သမီး ပြန်တော့မလို့လား... ခမ်းနားကော သမီးပြန်မယ်ဆိုတာ သိပြီးပြီလားဟင်။ ခဏလောက် နေပေးပါဦးလား သမီးရယ်... အန်တီ သားကို စိတ်ပူလို့ပါ"
ဒေါ်ခင်မာလာက ယမုံ့လက်ကို ဆုပ်ကိုင်ရင်း အသနားခံသလို တိုးလျှိုးတောင်းပန်ရှာသည်။ သို့သော် ယမုံက ခပ်ဖွဖွလေး ပြုံးပြရင်း လက်ကလေးကို အသာအယာ ပြန်ရုတ်လိုက်မိသည်။
"ခမ်းနားက အခုပဲ အိပ်ပျော်သွားပြီမို့ အန်တီ စိတ်မပူပါနဲ့တော့... သမီး ဒီနေ့ သွားစရာ အလုပ်လေးတစ်ခု ရှိနေလို့ သွားမှလည်း ဖြစ်မှာမို့လို့ပါ။ သူ အိပ်ရေးပျက်တဲ့ညတွေ များနေတာမို့ အခု အိပ်သွားပြီဆိုမှ ယမုံ ပြန်ထွက်လာတာပါ"
ဒေါ်ခင်မာလာနှင့် စကားအနည်းငယ် ထပ်မံပြောဆိုပြီးနောက် ယမုံ ခမ်းနားတို့အိမ်ထဲမှ ပြန်ထွက်လာခဲ့တော့သည်။ ခမ်းနားကို ခွင့်လွှတ်ဖို့ ဆုံးဖြတ်ချက်ချပြီးပြီ ဆိုသော်လည်း ရုတ်တရက်ကြီး အနားတွင် ကပ်နေဖို့က ယမုံ့အတွက် စိတ်အဆင်မပြေသေး။ အချိန်အနည်းငယ်တော့ ယူရဦးမည် မဟုတ်ပါလား။
ခြံထဲမှ ကားလေးမောင်းထွက်လာရင်း ယမုံ စိတ်ကူးထဲတွင် ယနေ့လုပ်ရမည့် အလုပ်ကိစ္စကိုသာ ပုံဖော်နေမိသည်။ ဒီနေ့မနက်ပိုင်းကပဲ ပန်းစိုက်ခင်းပိုင်ရှင်တစ်ဦးထံမှ ပန်းခင်းအသစ်တစ်ခင်း လာစပ်ထားသဖြင့် လူကိုယ်တိုင် ဝင်ကြည့်ပေးရန် ချိန်းဆိုထားခြင်း ဖြစ်သည်။ ပန်းအလှဆင်ခြင်းကို ရူးသွပ်သည့် ယမုံ့အတွက်တော့ ပန်းခင်းအသစ်များဆီ သွားရောက်လေ့လာရခြင်းက စိတ်အပန်းပြေစရာ တစ်ခုပင်။
မြို့ပြင်ဘက်သို့ ဦးတည်ထားသည့် လမ်းမထက်တွင် ယမုံ့ကားလေး ခပ်မှန်မှန် မောင်းနှင်နေခဲ့သည်။ မြို့ပြနှင့် ဝေးကွာလာသည်နှင့်အမျှ လမ်းမထက်တွင် ဖြတ်သန်းသွားလာနေသည့် မော်တော်ကားများနှင့် လူသူအရိပ်အယောင်များက တဖြည်းဖြည်း ကျဲပါးလာရသည်။
'ဂျိမ်း...!'
လူသူရှင်းလင်းပြီး တိတ်ဆိတ်လှသည့် လမ်းကွေ့တစ်ခုအရောက်တွင်တော့ နောက်ကနေ အရှိန်ပြင်းစွာ မောင်းနှင်လိုက်ပါလာသည့် အနက်ရောင် ကားတစ်စီးက ယမုံ့ကားကို ဘေးမှ ဖြတ်ကျော်တက်ကာ ရှေ့ကနေ ကန့်လန့်ဖြတ် ပိတ်ရပ်လိုက်တော့သည်။
"အမေ့...!"
ယမုံ လန့်ဖျန့်သွားကာ ဘရိတ်ကို အရှိန်ပြင်းစွာ နင်းလိုက်ရသဖြင့် တာယာနှင့် ကတ္တရာလမ်း ပွတ်တိုက်သံက စူးရှစွာ ထွက်ပေါ်လာသည်။ ရုတ်တရက်မို့ ရင်ဘတ်တစ်ခုလုံး ဒိတ်ခနဲ တုန်လှုပ်သွားရပြီး ရှေ့ကကားကို ကြည့်နေစဉ်မှာပင် အနက်ရောင်ကားပေါ်မှ ရုပ်ဆိုးဆိုးနှင့် လူမိုက်ပုံစံ အမျိုးသား သုံးလေးယောက်က ဆင်းလာကြတာကို ယမုံ တွေ့လိုက်ရသည်။
သူတို့အားလုံး၏ မျက်နှာတွင် မျက်နှာဖုံးများ စွပ်ထားကြပြီး ယမုံ့ကားဆီသို့ ခပ်မြန်မြန် ခြေလှမ်းများဖြင့် လျှောက်လာကြသည်။ ဘာဖြစ်နေမှန်း သဘောမပေါက်ခင်မှာပဲ လူနှစ်ယောက်က ယမုံ့ကားတံခါးကို အပြင်ကနေ အတင်းအဓမ္မ ဆွဲဖွင့်လိုက်တော့သည်။
ယမုံ ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားကာ-
"နင်... နင်တို့ ဘာလုပ်ကြတာလဲ! ကယ်... ကယ်ကြပါဦး!"
ယမုံ တစ်ကိုယ်လုံး တွန့်ဆုတ်သွားကာ အော်ဟစ်အကူအညီတောင်းသော်လည်း လူသူကင်းမဲ့သည့် လမ်းမထက်တွင် မည်သူ့အသံမှ ပြန်မကြားရ။ ယမုံတုန်လှုပ်ခြောက်ခြားစွာ ထွက်ပြေးဖို့ ပြင်ဆင်လိုက်သော်ငြား လွတ်မြောက်ခြင်း မရှိခဲ့ပေ၊
ထိုစဉ်မှာပင် လူတစ်ယောက်က ယမုံ့နှာေခါင်းကို အနံ့ပြင်းလှသည့် ဓာတုဆေးဝါးလူးထားသော လက်ကိုင်ပဝါဖြင့် အတင်းအုပ်ပိတ်လိုက်ပြီး၊ အခြားတစ်ယောက်က ယမုံ့ကိုယ်လုံးလေးကို ကားထဲကနေ ဆွဲထုတ်ကာ သူတို့ကားပေါ်သို့ အတင်းအဓမ္မ ပွေ့ချီတင်လိုက်ကြတော့လေသည်။
အခန်းမှတ်ချက်များ (0)