မြန်ဆန်တဲ့ လက်ထပ်ပွဲအကျဉ်းချုံးက တစ်ပတ်အတွင်း ယမုံ့သဘောအတိုင်း အသိမိတ်ဆွေရင်းနှီးသူ အနည်းအကျဉ်းလောက်နဲ့သာ ကျင်းပ ပြီးစီးခဲ့လေသည်၊
ဒေါ်ခင်မာလာ သားဖြစ်သူရဲ့ မျက်နှာထက်က အပြုံးကို မမြင်တွေ့ရတာ ကြာပြီးဖြစ်ပေမယ့် ဒီနေ့ ယမုံမျက်နှာထက်က အကြည့်မခွာ တဲ့ ခမ်းနားရဲ့ မျက်နက်ဝန်းတွေထက် ပြုံးရိပ်သန်းနေပြီး ကျေနပ်ပျော်ရွှင်နေတာကို မိခင်တစ်ဦးအနေနဲ့ ခံစားမိလေသည်၊
ချစ်သူနှစ်ဦးကို အမုန်းတရားတွေရှင်သန်အောင် ရက်စက်တဲ့ ကံကြမ္မာကိုပဲ အပြစ်ဖို့ရတော့မလားပဲ ထင်မှတ်မိသည်၊
ညနေခင်းအိမ်ခြံဝန်းထဲ ဧည့်သည်အနည်းအကျဉ်းလောက်သာရှိတော့သည်မို့ ခမ်းနားက ယနားအနားသို့ ကပ်ပြီး..
"ယမုံ နားချင်သွားနားတော့လေ မောင့် မိတ်ဆွေတွေကို စကားပြောပြီးမှ ..."
ခမ်းနားစကားမဆုံးသေးခင် ယမုံထိုနေရာမှ ထွက်လာခဲ့သည်မို့ စကားတွေက လေထဲတင်ပျောက်ရှသွားခဲ့ရသည်၊
ယမုံပေးသမျှ အမုန်း ဥပေက္ခာတရား အရာအားလုံးကို ခမ်းနား လက်ခံဖို့ ကြိုတင်ပြင်ဆင်ထားသည်မို့ ရင်ဘက်ထဲ ဆစ်ကနဲ ဖြစ်သွားပေမယ့် သူပြုံးလိုက်မိသည်၊
ဒါဟာ သူနဲ့ ထိုက်တန်တယ်မဟုတ်လား?
သူမက ဒီနေ့ သူမြင်ဖူးသမျှ သတိုးသမီးထဲမှာ အလှဆုံးပဲ ဖြစ်ပါလိမ့်မည်၊ရက်စက်တတ်တဲ့ မျက်ဝန်းတွေက စကားတွေနဲ့ သူ့ကို မုန်းနေပါတယ် မဖော်ပြသော်လည်း စိမ်းကားလွန်းသည့် အကြည့်နဲ့ တင်လုံလောက် နေပြီမို့ အဲ့ဒီ မျက်ဝန်းလေးတွေကိုလည်း သူချစ်မြတ်နိုးနေဆဲပါ ..
ဘာ့ကြောင့်များ သူမကို သူနာကျင်အောင်လုပ်ခဲ့မိပါလိမ့်..
🍂🍂🍂🍂🍂
ယမုံ နဲ့သူ့အတွက် ပြင်ဆင်ထားတဲ့မဂ်လာဦး အခန်းက စနိုးနဲ့ နေခဲ့တဲ့ အခန်းမဟုတ်ဘူးလို့ အလုပ်သမားတွေ စကားပြောသံ သဲ့သဲ့ကို ယမုံ အိမ်ပေါ်ထပ်သို့ တက်လာစဉ်က ကြားလိုက်မိပါသည်၊
ဒါတွေက ယမုံ့ အတွက် အရေးမကြီးပါ..
အခန်းထဲ ရောက်တော့ အသစ်စက်စက် ပြင်ဆင်ထားပုံရတဲ့ မဂ်လာဦး အိပ်ယာ က ယမုံ့ အကြိုက် ပန်းရင့်ရောင် ဖြစ်လေသည်၊
နုတ်ခမ်းကို ပေါက်ထွက် မတတ်ဖိကိုက်ပြီး ယမုံ့ မျက်လုံးတွေ စက္ကန့်ပိုင်းမျှ ဖိမှိတ်ထားလိုက်ရင်း ခဏကြာတော့ သူ အပေါ် မတတ်လာခင် ရေချိုး အဝတ်စားလဲ ခြင်း ပြုလုပ်ရန် သူမ ပြင်ဆင်လိုက်လေသည်၊
ဆယ့်ငါးမိနစ်ခန့်မျှ အေးတဲ့အထိ ရေချိုးပစ်လိုက်ပြီး ယမုံ ရေချိုးခန်းထဲက ထွက်လာတဲ့ အထိ သူ အခန်းထဲ မရောက်သေးတာမို့ ယမုံ အဝတ်စားလဲဖို့ ပြင်ဆင်လိုက်သည်၊
ပြီးနောက် သတိုးရှိရာ အခန်းဘက်သို့ အမြန် ထွက်လာခဲ့လိုက်သည်
ယမုံ အခန်းထဲ ဝင်လာတာ တွေ့တော့ ဆရာမ နွယ်နွယ်အေးက သူမကို လှမ်းပြုံးပြီး မချိပြုံး ပြုံးပြလိုက်သည်မို့ ယမုံ မျက်မှောင် ကြုတ်သွားမိသည်၊
"ဆရာမ "
သတိုးကို ချီထားတဲ့ ဆရာမ အနားသို့ လျှောက်သွားရင်း ယမုံခေါ်လိုက်သည်၊
"ဟုတ်ကဲ့ အစ်မ လာတာနဲ့ အတော်ပဲ ကလေးကျန်းမာရေးကို ပြောပြ ချင်နေတာ "
ယမုံ ဆရာမ လက်ထဲက ကလေးကို လက်ပြောင်းချီလိုက်ရင်း အသက်ကို မနည်းပင့်ရှုနေတဲ့ သတိုးရဲ့ ပုံစံကို ကြည့်ပြီး ဆရာမ မျက်နှာကို ပြန်မော့ကြည့်လိုက်ကာ..
"သတိုးလေး နေမကောင်းဘူးလား ဆရာမ"
ဆရာမက သတိုးမျက်နှာလေးကို ငုံ့ကြည့်ကာ..
"ကလေးက နှလုံးရောဂါသည်လေး ဆိုတော့ တစ်ခါတစ်လေ အသက်ရှုရင် အဲ့ဒီလို ပင့်သက်ပြီးရှိုက်ရူနေရတယ် အန်တီခင်မာလာ တို့က လည်း တကယ် ဂရုစိုက်ရှာပါတယ် ကလေးအထူးကု ဒေါက်တာကျော်ဇင်လတ် က တပတ်တစ်ခါ ကလေးကို လာကြည့်ပေးပါတယ် "
ဒေါက်တာကျော်ဇင်လတ်ဆိုတော့ ယမုံတို့ အထက်တန်းတုန်းက အတူတက်ခဲ့ကြသည့် စာဂျပိုး ကျော်ဇင်လတ်ကို ပြောတာမှန်း ယမုံ တန်းသိလေသည်
'ဒေါက်တာက ကလေးကျန်းမာရေးနဲ့ ပက်သက်ပြီး ဘာပြောသေးလဲ ဆရာမ '
ပထမဦးဆုံး ကြားလိုက်ရတာက ဆရာမနွယ်နွယ်အေးထံမှ သက်ပြင်းချသံကို ဖြစ်လေသည်၊ပြီးနောက်...
"အစ်မရယ် ဒေါက်တာကတော့ ပြောတယ် ကလေးအတွက် အကောင်းဆုံးကို ပြင်ဆင်ထားရသလ်ု အဆိုးဆုံး အခြေနေ ကြုံလာရင်လည်း ရင်ဆိုင်ဖို့ ပြင်ဆင်ထားပေးပါတဲ့ နုနယ်တဲ့ လသားအရွယ် ကလေးဆိုတော့ ခွဲစိတ်မှုပြုလုပ်ဖို့က မလွယ်ဘူးလေ သူတို့ သက်မှတ်ထားတဲ့ သက်တမ်းအထိ ရောက်ဖို့ သတိုးလေး တောင့်ခံနိုင်ပါစေလို့ပဲ ဆုတောင်းမိတယ်"
ဆရာမရဲ့ စကားအဆုံး ယမုံ သတိုးလေး မျက်နှာကို ငုံ့ကြည့်ပြီး ပထမဦးစွာ စိတ်ဓာတ်ကျဆင်းခြင်းက်ု ခံစားလိုက်ရသည်၊
🍀🍀🍀🍀
သူ အခန်းထဲ ပြန်ရောက်လာတဲ့ အချိန် ယမုံက အခန်းထဲမှာ မရှိတာမို့ ကလေးအခန်းဘက်ကိုသွားမှန်း ခမ်းနားသိလိုက်လေသည်၊
ဒါ့ကြောင့် အခုက ဧည့်ခံပွဲမှာ အနည်းငယ် သောက်လာ မိတဲ့ အရက်နံ့ တွေပျောက်အောင် ရေချိုးခန်းသို့ သူဝင်လိုက်သည်၊
ခဏကြာတော့ ပြန်ထွက်လာပြီး မီးခိုးရောင်ဆွယ်တာ တစ်ထည်နဲ့ ဘောင်းဘီ အနက်တစ်ထည်ကို ယူဝတ်လိုက်ပြီး ယမုံ အထဲ ပြန်ဝင်လာမယ့် အချိန်ကို စောင့်နေလိုက်သည်၊
ခဏကြာတော့ အခန်းထဲ ပြန်ဝင်လာတဲ့ ယမုံ့ကြောင့် သူပေါင်ပေါ်တင်ထားတဲ့ laptop ကို ပိတ်လိုက်ပြီးနောက်.. ဆိုဖာမှာ ထိုင်နေရာမှ ထရပ်လိုက်ကာ
"ယမုံ သတိုး အိပ်သွားပြီလား "
သူမက သူ့ကို ပြန်မကြည့်သလို မေးတာကိုလည်း ချက်ချင်းမဖြေဘဲ ပကတိ အပြုံးအရယ်မဲ့သော မျက်နှာ ဖြင့်..
"အိပ်သွားပြီး ကျွန်မတို့ နှစ်ယောက် စကားပြောဖို့လိုလိမ့်မယ် ထင်တယ် "
ခမ်းနားပြာပြာသလဲ ဖြစ်သွားရပြီး ခေါင်းညိတ်လိုက်ကာ..
"ပြောလေ ယမုံ မောင်နားထောင်နေတယ် "
အလိုမကျသည်ကို ပြသ နေသည်က ယမုံ့ရဲ့ တွန့်ကုတ်ထားတဲ့ မျက်ခုံးတန်းလေးပင် ဖြစ်သည်၊ပြီးနောက် ယမုံက ခမ်းနားမျက်နှာထပ်သို့ ခပ်စူးစူး ကြည့်လိုက်ကာ..
"ပထမ အချက်က ရှင့်ကျွန်မနဲ့ လိုအပ်လို့ စကားပြောတိုင်း မောင် ဆိုတဲ့ အသုံးအနူန်းကို မသုံးနဲ့ ကျွန်မ မကြိုက်ဘူး ရှင်နဲ့ ကျွန်မရဲ့ ဆက်ဆံရေးက အဲ့ဒီလို နာမ်စားသုံးပြီး ပြောရမယ့် အနေအထား မဟုတ်ဘူး"
ပြတ်သားလှတဲ့ ယမုံ့ရဲ့ စကားလုံးတွေအောက် ခမ်းနား ခေါင်းငိုက်စိုက် ကျသွားရင်း ငြိမ်သက်သွားရသည်၊
"ဒုတိယ အချက်က ရှင် နဲ့ ကျွန်မ အခြေနေတစ်ခုကြောင့် လက်ထပ်လိုက်ရတယ် ဆိုပေမယ့် ကျွန်မ ရဲ့ ဆံချည်တံမျှင်ကို တောင် ရှင့်မှာ ထိပိုင်ခွင့် မရှိဘူး ဆိုတာ မှတ်ထားပါ "
"ယမုံ ...."
"တတိယ အချက် ကျွန်မတို့ နှစ်ယောက် လက်ထပ်ခြင်း သတိုးရဲ့ သက်တမ်းကာလအပေါ်ပဲ မူတည်လိမ့်မယ် "
တတိယ အချက်မှာ တင် ခမ်းနားရဲ့ ဖမ်းဆုပ်မရတဲ့ စိတ်တို့ ပြိုလဲယိုင်နဲ့ သွားရသည်၊ဒါပေမယ့် ယမုံ့ရဲ့ ဆုံးဖြတ်ချက်တိုင်း စကားလုံးတိုင်းကို သူလက်ခံဖို့ အစကတည်းက တွေးပြီးသားဖို့ ယောက်ျားတန်မဲ့ ငိုချင်လာသည့် စိတ်ကို မနည်းတင်ခံပြီး လှပဖြူစင်လွန်းပြီး မာနရောင် တောက်နေသည့် သူမ မျက်နှာလေးကို ဆွေးဆွေး မြည့်မြည့်ကြည့်လိုက်ကာ
'"ဒီအချက်သုံးချက်ကို လိုက်နာလို့ ယမုံစိတ်ချမ်းသာမယ် ဆိုရင် ကိုယ်လိုက်နာပါမယ့် ဒါတွေက မင်းကို ကိုယ်အရမ်းချစ်လို့ မင်းက ကိုယ့်ဘဝ ဖြစ်နေတာကို သိလိုက်ရတဲ့အချိန် မင်းကို နာကျင်အောင် လုပ်ခဲ့မိလို့ ကိုယ့်ကိုယ်ကိုယ် ပေးတဲ့ အပြစ်ဒဏ်တွေလို့ သက်မှတ်လိုက်မယ် ယမုံ"
ခပ်မဲ့မဲ့ ပြုံးလိုက်တဲ့ ယမုံနှုတ်ခမ်းတွေက သူ့စကားတွေကို လှောင်ပြောင်နေသလို ခံစားလိုက်ရသည်၊ ဒါပေမယ့် သူ့ ယမုံ့အနားရှိနေရတဲ့ အတွက် ဘယ်လိုနာကျင်မူမျိုးပဲ လာလာ ကျေနပ်စွာ ခံယူလိုက်ဖို့ အသင့်ပဲလေ!
"ရှင် ကုတင်ပေါ်မှာ အိပ်ပါ ကျွန်မ ဆိုဖာမှာပဲ အိပ်မယ် "
"မဖြစ်ဘူး ယမုံ ကိုယ်က ယောက်ျားလေး ဘယ်နေရာမှာ အိပ်ရ အိပ်ရ အဆင်ပြေတယ် မင်းထက်စာရင် ခံနိုင်ရည် အပြည့်ရှိတယ် ဆိုဖာမှာ မင်းအိပ်ရင် ကျော တွေ နာလိမ့်မယ် အဲ့တော့ မွေ့ယာပေါ်မှာ မင်းအိပ်ပါ မင်းမကြည်ဖြူဘဲ မင်းကို ကိုယ်ဘာမှ မလုပ်ဘူး အဲ့တစ်ခုတော့ ယုံကြည်ပေးပါ "
သူ့စကားအဆုံး ယမုံဘာမှ ဆက်မပြောတော့ဘဲ အိပ်ယာထက် အသာလှဲလိုက်ပြီး တစ်ဖက်လှည့် ငြိမ်နေလိုက်သည်၊
အခန်းမှတ်ချက်များ (0)