Bububai ဝတ္ထု အချစ်ဦး ပုံပြင် အခန်းစာရင်း

အပိုင်း(၃၃)

​အောက်ဆီဂျင်ပိုက်တန်းလန်းဖြင့် အသက်ရှူရခက်ခဲနေရင်း ရှေ့က ခနဲ့တဲ့ မျက်လုံးတွေ၊ လှောင်ရိပ်သန်းနေတဲ့ မျက်လုံးတွေအောက် ဦးစိုးထွဋ် မျက်ရည်ပူတွေ လှိမ့်ကျနေရင်း... ဒီလိုအချိန် ယမုံ ရောက်မလာပါစေနဲ့ဟုသာ ကြိတ်ဆုတောင်းနေမိသည်။

​"ကဲ ယောက္ခမလောင်းကြီးရဲ့ ဘယ်လိုလဲ... သူဌေးသမက်က အကုန်သိသွားတော့ ဘယ်လိုခံစားရလဲ ပြောပြပါဦး"

​တေဇမိုးက ဂျာကင်အိတ်ထဲ လက်နှိုက်လျက် မတ်တပ်ရပ်အနေအထားဖြင့် ဦးစိုးထွဋ်ကို ငုံ့ကြည့်ကာ စကားပြောနေလေသည်။ ယမုံက ဖေဖေ့အတွက် သူနာပြုငှားထားပေးသည့်အတွက် နေ့လယ်လောက်မှသာ ဆေးရုံကို လာတတ်လေသည်။ တေဇမိုးက သူနာပြုမလေးကို သူက ဦးစိုးထွဋ်ရဲ့ သမက်ဖြစ်ကြောင်းပြောပြီး စကားခဏပြောရန် အပြင်သို့ ပထုတ်လိုက်ခြင်းဖြစ်လေသည်။ သူပြောသမျှကို ပြန်မပြောနိုင်ဘူးဆိုတာ သိလေ တေဇမိုး လှောင်ရယ်ချင်လာလေပင်။ သူ့ဘဝကို ပျက်အောင်လုပ်ခဲ့တဲ့ သားအဖ လုပ်ချင်ရာလုပ်ပြီး ဒီလိုထွက်ပြေးလို့ လွတ်မယ်ထင်နေတာ ခံပြင်းလွန်းလို့ တမလွန်အထိ ဒုက္ခလိုက်ပေးဖို့ ရည်ရွယ်ထားပြီးသား။

​"ခင်ဗျားက သမီးငယ်ကိုသာ ပွဲထုတ်တာနော်... သိပ်လှတဲ့သမီးကိုကျတော့ ဝှက်ထားတယ် ဟုတ်လား... ဟားဟား၊ ကျုပ်ကလည်း သိပ်ကို စုံစမ်းအားကောင်းတာ ခင်ဗျားသိလား။ မြတ်လေးယမုံ ဟုတ်လား... အဟွန်း၊ ခမ်းနားသွင်ပြင်ရဲ့ချစ်သူ... ဆက်နွှယ်ချက်ကြီးက လက်ဖျားခါလောက်တယ် သိလား။ အစ်မရဲ့ ချစ်သူကို ညီမက မဟားတရား ကြံစည်ပြီး လုပ်ဇာတ်ကြီးနဲ့ အပိုင်သိမ်းပစ်တာနော်... လုံးဝ တော်တယ်၊ အောက်တန်းကျချက်က။ ဟိုနွားကလည်း နှင်းပွင့်ဖြူတို့ ဆင်တဲ့ဂွင်ထဲ ဒိုင်ပင်ကို ထိုးဆင်းသွားတာပဲ"

​"မင်း... မင်း တိတ်လိုက်တော့ တေဇမိုး"

​မနည်းသဲကွဲအောင် ပြောနေရတဲ့ စကားသံတွေနောက် တေဇမိုးတစ်ယောက် ပါးစောင်ကို လျှာနဲ့ထိုးလိုက်ပြီး...

​"ဘာလဲ... မကြားနိုင်တော့ဘူးလား၊ ကျွန်တော့်ကလေးကို ကျွန်တော် ပြန်ခေါ်မယ်... ခင်ဗျားသိအောင် ပြောတာ။ ခမ်းနားသွင်ပြင်က သူ့ကလေးမဟုတ်မှန်း သိသွားပြီဆိုတော့ ကျွန်တော့်သွေးသားကို ရေရှည်လက်ခံမှာ မဟုတ်ဘူးလေ... အဲ့ဒီတော့ ကျွန်တော်ကိုယ်တိုင်ပဲ သွားခေါ်လိုက်မယ်"

​"မင်း... မင်း..."

​မျက်လုံးကြီးပြူးလို့ မနည်းအသက်လုရှူနေရသည့် ဦးစိုးထွဋ်ကို ကြည့်ပြီး တေဇမိုး ပြုံးလိုက်ကာ...

​"ယောက္ခမကြီး အခုလိုဖြစ်နေတော့လည်း စိတ်ထဲမကောင်းဘူးနော်... အဟွန်း၊ မသေသေးနဲ့ဦး... ရှေ့လျှောက်ကြုံတွေ့ရမယ့် ရင်ခုန်စရာတွေက များနေတယ်... အဟက်"

​ပြောရင်း ချာကနဲ လှည့်ထွက်သွားသည်မို့ ဦးစိုးထွဋ် မျက်လုံးထောင့်က မျက်ရည်စတွေသာ စီးကျလာရသည်။

​ဒီ... ဒီကောင် ယမုံ့ကို ဘယ်လိုသိသွားတာလဲ?

​🌷🌷🌷🌷

​ရှပ်လက်ရှည်ကြက်သွေးရောင်နဲ့ စတိုင်လ်ပန်အနက်ရောင်ကို တွဲဖက်ဝတ်ဆင်လိုက်ပြီး ပါးမြိုင်းမွှေးတွေ၊ ဆံပင်ရှုပ်ပွပွတွေကို သေချာ ရှင်းလင်းထားပြီး ကားသော့ကို ယူကာ အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။

​အိပ်ရေးပျက်ထားသည့် အရှိန်ကြောင့် မျက်ကွင်းတွေ အနည်းငယ် ညိုနေသော်လည်း ချောမောသည့် မျက်နှာက ကြည့်ကောင်းနေဆဲပင် ဖြစ်သည်။

​အောက်ထပ်သို့ ရောက်တော့ ဆိုဖာထက် ထိုင်နေတဲ့ မိခင်ဖြစ်သူကို အရင်တွေ့ရလေသည်။ လှေကားထက်က ဆင်းလာတဲ့ သားဖြစ်သူရဲ့ အရင်လိုပုံစံကြောင့် ဒေါ်ခင်မာလာ ပြုံးလိုက်ပြီး...

​"ဒီလိုနေမှပေါ့ သားရယ်... ကုမ္ပဏီသွားဖို့လား၊ နောက်တောင် ကျနေပြီ"

​ခမ်းနား ခေါင်းခါပြလိုက်ပြီး မေမေ့ကို ကြည့်လိုက်ကာ...

​"ဒီနေ့ နေ့လယ်အစည်းအဝေးရှိလို့ ကျွန်တော် အဲ့ဒီအချိန်ကိုပဲ အမှီသွားတာ မေမေ... ကျန်တဲ့ကိစ္စက GM နဲ့ လွှဲထားလို့ရတယ်"

​ဒေါ်ခင်မာလာ သက်ပြင်းချလိုက်ပြီး အိမ်ပေါ်ထပ်ကို တစ်ချက်ကြည့်လိုက်ကာ...

​"သား... သတိုးလေးဆီ သွားမကြည့်တာ အတော်ကြာပြီနော်... ကိုယ့်သွေးသားမဟုတ်ပေမယ့်လည်း ယမုံ့မျက်နှာကို ထောက်ပြီး သား ဒီကလေးကို..."

​"မေမေ"

​ဒေါ်ခင်မာလာ စကားမဆုံးခင် ခမ်းနားက စကားစဖြတ်လိုက်သည်မို့ သားအမိနှစ်ယောက်ကြား တိတ်ဆိတ်သွားရပြီး မျက်လုံးချင်း ဆုံလိုက်ကြသည်။ ပြီးနောက် ခမ်းနားဘက်က စတင်ပြီး...

​"ကလေးကို မေမေပဲ ဂရုစိုက်ပေးလိုက်ပါ... ကျွန်တော် အခုချိန်မှာတော့ ကိုယ့်ကိုယ်ကိုယ်ကလွဲရင် ဘယ်သူ့ကိုမှ အပြစ်မတင်ချင်တော့တာမို့ ကလေးအခန်းလည်း သွားမကြည့်ချင်သေးဘူး မေမေ... ကျွန်တော့်ကို နားလည်ပေးပါ"

​ပြောရင်း ထရပ်လိုက်သည်မို့ ဒေါ်ခင်မာလာ ခေါင်းညိတ်ပြလိုက်ရင်း...

​"မေမေ သားကို နားလည်ပါတယ်... စိတ်ကို အရမ်းကြီး ချုပ်တီးမထားပါနဲ့ သားရယ်၊ ဖြစ်ပြီးသမျှကိုလည်း ပြီးခဲ့တဲ့အတိုင်းပဲ ထားလိုက်ပါတော့"

​မေမေ့စကားကို ခေါင်းညိတ်ပြလိုက်ပြီး ခမ်းနား အိမ်ထဲက ထွက်လာခဲ့လိုက်သည်။

​ဒီနေ့ ယမုံ့ကို သူအရမ်းတွေ့ချင်နေမိသည်။ အမြဲတမ်း အပြစ်ရှိသလို ရှောင်ဖယ်နေရင်း ယမုံကို သူအမြဲကွယ်ရာကနေသာ လိုက်ကြည့်ဖြစ်ခဲ့သည်။ ကားလေးက ယမုံ့ပန်းဆိုင်ရှေ့သို့ ရောက်လာသည်မို့ ရပ်လိုက်ပြီး ကားပေါ်ကဆင်းကာ ပန်းဆိုင်ထဲသို့ လျှောက်လာခဲ့လိုက်သည်။ မှန်တံခါးကို တွန်းဖွင့်ပြီးနောက် အထဲမှာရှိတဲ့ ကောင်မလေးနှစ်ယောက်က သူ့ကိုတွေ့တော့ ထလာခဲ့ပြီး...

​"အစ်ကို... ပန်းဝယ်မလို့လားရှင့်"

​သူ့ကို လာမေးသည်မို့ သူဆိုင်ထဲ တစ်ချက်ဝေ့ကြည့်ရင်း ရှေ့ကကောင်မလေးကို...

​"ယမုံ အထဲမှာရှိလား ညီမ"

​ကောင်မလေးက သူ့ကို ပြူးကြောင်ကြောင်ဖြင့် ကြည့်နေကာ ခေါင်းခါပြလိုက်ရင်း...

​"မမ ဆိုင်မှာမရှိဘူး အစ်ကို... သူ့အဖေ အရေးပေါ်ဖြစ်လို့ ဆေးရုံက ဖုန်းလှမ်းဆက်လို့ ဆေးရုံကို သွားပြီ"

​"ဗျာ"

​ခမ်းနား ဆက်ပြီး နားမထောင်တော့ဘဲ နောက်ပြန်လှည့်ရင်း ကားဆီသို့ အမြန်လျှောက်လာခဲ့လိုက်သည်။ ယမုံ့ကိုမှ ဘာလို့ ကံတရားကြီးက နာကျင်မှုတွေ ပေးနေခဲ့တာလဲ... စိုးရိမ်စိတ်ဖြင့် ကားကို ဆေးရုံသို့ မောင်းထွက်လာခဲ့လိုက်သည်။

​🌷🌷🌷🌷

​ဆေးရုံရှေ့ရောက်တော့ ကားပါကင်ထိုးပြီးသည်နှင့် ကားပေါ်က ဆင်းလာကာ ဦးစိုးထွဋ်အခန်းရှိရာသို့ လျှောက်လာခဲ့လိုက်သည်။ အခန်းရှေ့သို့ ရောက်သည်နှင့် အခန်းတံခါးကို အသာတွန်းဖွင့်ကာ ဝင်လိုက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ခမ်းနား ရင်ထဲ ဆို့နင့်သွားရသည်။

​အောက်ဆီဂျင်ပိုက်တွေ အကုန်လုံးကို ဖြုတ်ထားပြီးဖြစ်တဲ့ ကုတင်ဘေးမှာ ထိုင်ခုံပုလေးတစ်လုံးဖြင့် ထိုင်နေရင်း မလှုပ်မယှက် ငြိမ်သက်နေတဲ့ ယမုံ...။ သူမက မာကျောသယောင် ထင်ရပေမယ့် သိပ်နူးညံ့တဲ့ မိန်းကလေးတစ်ယောက်ပင်။ သူမသည် အခြားမိန်းမသားတွေလို အော်ဟစ်ငိုယိုကာ နာကျင်မှုတွေကို အပြင်သို့ ထုတ်ပြတတ်သည့် မိန်းကလေးမျိုး မဟုတ်ဘဲ ရင်ထဲမှာပဲ ကြိတ်မှိတ်ကာ သိမ်းဆည်းခံစားနေပုံက တုန်ရီနေတဲ့ ကျောပြင်လေးနှင့် သွေးခြေဥမတတ် ဖိကိုက်ထားသည့် နှုတ်ခမ်း

အစုံမှာ အထင်အရှား ပေါ်လွင်နေသည်။

​ခမ်းနား ခြေသံဖွဖွဖြင့် အနားသို့ လျှောက်သွားလိုက်ပြီး လေသံတိုးတိုးလေးဖြင့် ခေါ်လိုက်မိသည်။

​"ယမုံ..."

​ထိုခေါ်သံအဆုံးမှာ ယမုံ့ထံမှ တုံ့ပြန်မှုတစ်ခုက ရုတ်ချည်း ထွက်ပေါ်လာသည်။ မျက်ရည်ကြည်တွေ ပြည့်လျှံနေတဲ့ မျက်ဝန်းလှလှလေးတွေက သူ့ဆီသို့ မော့ကြည့်လာရင်း...

​"ဖေဖေ... ဆုံးပြီ... ခမ်းနား..."

​အနည်းငယ် တုန်ခါနေတဲ့ စကားသံလေးက ခမ်းနားရဲ့ ရင်ဝကို အရှိန်ပြင်းပြင်း ဆောင့်ကန်လိုက်သလိုပင်။ ခမ်းနား မျက်တောင်တို့ကို ခပ်ဖွဖွချကာ ခေါင်းညိတ်ပြလိုက်ပြီး...

​"ကိုယ်... တကယ် စိတ်မကောင်းပါဘူး ယမုံ..."

​ခမ်းနားရဲ့ စာနာစိတ်မကောင်းဖြစ်ရတဲ့ စကားလုံးတွေနောက်မှာတော့ တင်းခံထားသမျှ အရာအားလုံး ပြိုလဲပျက်စီးသွားခဲ့ရရှာသည်။ အရမ်းကို နာကျင်ကြေကွဲနေရတဲ့ ယမုံ့ကို နှစ်သိမ့်ပေးချင်ဇောဖြင့် ခမ်းနား သူမရဲ့ ပခုံးအိအိလေးနှစ်ဖက်ကို အသာအယာ ဆွဲယူကာ ရင်ခွင်ကျယ်ကြီးထဲသို့ ထည့်သွင်းပွေ့ဖက်လိုက်မိသည်။

​သူမရဲ့ ခံနိုင်ရည်ကို စမ်းသပ်တဲ့ ကံကြမ္မာရဲ့ ရက်စက်မှုတွေကြောင့် ခဏတာ အသိစိတ်လွတ်မြောက်နေရှာတဲ့ ယမုံ... သူမရင်ထဲက နာကျင်မှုတွေ၊ ခံစားချက်တွေ အားလုံးကို မထိန်းချုပ်နိုင်တော့ဘဲ ခမ်းနားရဲ့ ရင်ခွင်ထဲသို့ အားကိုးတကြီး တိုးဝင်ကာ ရှိုက်ကြီးတငင် ငိုကြွေးမိတော့သည်။

​ခမ်းနားကတော့ တုန်ရီနေတဲ့ ယမုံ့ကိုယ်လုံးလေးကို ပိုမိုတင်းကျပ်စွာ ပွေ့ဖက်ထားရင်း...

​"ငိုချလိုက်ပါ ယမုံ... မင်းရင်ထဲက ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ နာကျင်မှု အရာအားလုံးသော စိတ်ခံစားချက်မှန်သမျှကို ဖွင့်ထုတ်ပြီး မင်းစိတ်ကျေနပ်တဲ့အထိ ငိုချပစ်လိုက်ပါ။ ကိုယ့်ကိုလည်း မင်းစိတ်ကျေနပ်တဲ့အထိ ထုရိုက်ကုတ်ဆွဲပစ်ပါ... မင်းတစ်ယောက်တည်း ကြိတ်မှိတ်မခံစားပါနဲ့ ယမုံ"

​ပြောရင်း ယမုံ့ကျောပြင်ကို အသာပွေ့ဖက်ထားရင်း ခမ်းနား မျက်လုံးတွေ ဖိမှိတ်ထားမိသည်။

​'မင်းငိုနေတာ မြင်နေရင် ကိုယ်ပိုပြီး နာကျင်ရတယ် ယမုံရယ်... မင်းက ပျော်ရွှင်မှုနဲ့ ထိုက်တန်တဲ့ မိန်းကလေးပါ၊ မင်းအတွက် အဆိုးတွေပြီးရင် အကောင်းတွေ ရောက်ရှိလာဦးမှာ ယမုံ... မင်းနောက်မှာ ကိုယ်အမြဲ ရှိနေတော့မှာပါ'

« ရှေ့အခန်း - အပိုင်း(၃၂) နောက်အခန်း - အပိုင်း(၃၄) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ