ခင်ဦးကို ဖိုးသားလည်း လာမကြိုတော့ အမေက လိုက်ပို့ပေးသည်။ခြံထဲ ဝင်လိုက်တာနဲ့ မကြီးနှင်းက မျက်နှာမကောင်းပေ။ထို့အပြင် အထွေးရဲ့ ငိုသံသဲ့သဲ့လေးကိုလည်း ကြားလိုက်ရတော့ ခင်ဦး ရင်ထဲမှာ အဖေ့တုန်းဆို ခံစားချက်မျိုး ဝင်လာခဲ့သည်။
ကိုကြီးဇေယျာများ တစ်ခုခုဖြစ်လို့များလား..စိုးရိမ်စိတ်တို့ကြောင့်
ခြေထောက်တွေလေးလံကာ အိမ်ထဲရောက်ဖို့ တော်တော်နဲ့ မလှမ်းနိုင်ပါ။အိမ်ထဲရောက်မှ ကိုကြီးဇေယျာရဲ့ အသံကိုကြားလိုက်တော့မှ ခင်ဦး ရင်အေးသွားရသော်လည်း ကြားလိုက်ရသည့် စကားများကြောင့် ခင်ဦး တုန်လှုပ်သွားရသည်။
"ကိုကြီး အထွေးကို ဘယ်လိုတာဝန်ယူပေးမှာလဲ..အခု မကြီးနှင်းတို့အရီးတို့က အထွေးတို့အခြေအနေကို သိသွားပြီ..အထွေးရှက်တယ်..''
"အမေ..''
ခင်ဦး အမေ့ကို ကြည့်ပြီး ယောင်ယောင်မှားမှားခေါ်လိုက်မိသည်။ခင်ဦး နားကိုခင်ဦး မယုံနိုင်တာကြောင့် အပေါ်ကို တဖြေးဖြေးနဲ့တက်လာခဲ့သည်။ထိုအခါ မြင်လိုက်ရတဲ့ မြင်ကွင်းက ခင်ဦး ရင်ကို ဓားနဲ့မွန်းလိုက်ပြီး ဆားနဲ့သိပ်နေသကဲ့သို့ ခံစားလိုက်ရသည်။ခြေထောက်ပင် မခိုင်တော့ဘဲ ယိုင်နဲ့သွား၏။
"မမ..''
"ခင်ဦး..''
ခင်ဦး မျက်ရည်တွေကြား နာကျင်စွာ ပြုံးလိုက်မိပါတော့သည်။အထွေးကို ချစ်နေသေးလို့ ခင်ဦးကို ချစ်တယ်လို့ မပြောခဲ့တာပဲ..ခင်ဦးကသာ ထင်ယောင်ထင်မှား ဖြစ်ခဲ့တာပဲ..။ကိုယ့်ကိုယ်ကို တွေးပြီး ပြုံးမိပြန်သည်။မကြီးနှင်းနဲ့ဒေါ်လေးစန်းကတော့ ခင်ဦးကို နားမလည်မလို ကြည့်လာသည်။
"ခင်ဦး..''
ဇေယျာ ခင်ဦးကို မြင်လိုက်ချိန် ခင်ဦး အထင်လွဲသွားမှာကို စိုးရိမ်သွားသည်။ထို့နောက် ခင်ဦးရဲ့ မျက်ဝန်းထဲကနေ မျက်ရည်တွေ အိုင်ထွန်းလာတာကို တွေ့လိုက်ရသဖြင့် ရင်ထဲ နာကျင်သွားရ၏။
"ကိုယ်..ကိုယ် ရှင်းပြမယ်... ကိုယ် ပြောပြမယ် ခင်ဦး..မင်း မငိုပါနဲ့ကွာ... ''
"မပြောပါနဲ့ ကိုကြီးဇေယျာမြင်ယုံနဲ့ခင်ဦး နားလည်ပါတယ်ခင်ဦးကို ကိုကြီးဇေယျာမိန်းမဆိုတာ ဒီတစ်ရွာပဲ သိထားတာအဲ့ဒါကြောင့် ခင်ဦး အိမ်ကိုပဲပြန်နေတော့မယ်အထွေး..အထွေးကိုသာ သိက္ခာရှိရှိနဲ့ ပေါင်းသင်းပေးပါ.''
ခင်ဦးနှုတ်က အန်ထွက်လာတဲ့ စကားတွေကို သူ လက်မခံနိုင်ပေ။
"မင်းဘာတွေပြောနေတာလဲ ခင်ဦး..ဒီကိစ္စကို ဘာမှမမှတ်မိဘူး..တစ်ခုခုမှားနေတာကွမင်းတော့ ငါ့ကို ယုံသင့်တယ်..''
"ကိုကြီး..''
"ကိုကြီးဇေယျာ..''
ခင်ဦးနဲ့အထွေးရဲ့အသံက တစ်သားတည်းဖြစ်သွားသည်။
"အထွေးက မိန်းကလေးပါ ကိုကြီးဇေယျာ...ဒီကိစ္စကို မလိမ်ဘူး..နောက်ပြီး ခင်ဦးကိုတောင် ကိုကြီးဇေယျာက ယူခဲ့တာမဟုတ်ပါဘူး..ခင်ဦးကသာ အရှက်မရှိ မျက်နှာပြောင်တိုက်ပြီး တက်နေခဲ့တာပါ..အခု ခင်ဦးကလေး အသက်ရှင်ပြီဆိုတော့ ခင်ဦး အိမ်ပြန်မယ်...နောက်ပြီး ခင်ဦးနဲ့ကိုကြီးဇေယျာကလည်း ချစ်လို့ယူထားကြတာလဲ မဟုတ်ဘူး...ခင်ဦးတို့မှာ အချစ်မရှိဘူးလေ..''
ခင်ဦး ပြောရင်း နားက နားကပ်ကို ချွတ်လိုက်ဖို့ ပြင်လိုက်၏။
"မင်း မချွတ်နဲ့..''
ခင်ဦး ဒီတစ်ခါမှာတော့ ကိုကြီးဇေယျာရဲ့ စကားကို နားမထောင်ဘဲခဲ့ပေ။နားကပ်ကိုချွတ် လက်စွပ်ကိုပါ ချွတ်ပြီး စားပွဲခုံပေါ်မှာတင်လိုက်၏။အောက်ပြန်ဆင်းဖို့ ပြင်လိုက်စဥ် ခေါင်းပေါ်က ဆံထိုးကို သတိရလိုက်တာကြောင့် မျက်ရည်တို့ ထိန်းရင်း ဆံထိုးကို ဆွဲနှုတ်ပြီး မကြီးနှင်းကို ပေးလိုက်သည်။
"မင်းကို မုန်းတယ် ခင်ဦး..ငါ မင်းကို အရမ်းမုန်းတယ်..ငါ့စိတ်ကိုမသိတဲ့မင်းကို မုန်းတယ်..ငါ့ကို မယုံကြည်တဲ့ မင်းကို အရမ်းမုန်းတယ်.. အေးမင်းပြောသလို ငါတို့မှာ အချစ်မရှိဘူး..''
သူမရဲ့ စကားအဆုံး၌ ဇေယျာ အသက်မယ့်စွာရယ်လိုက်၏။ထို့နောက် အထွေးရဲ့ လက်ကိုဆွဲလိုက်ပြီး
"ငါ အထွေးကို လက်ထပ်ပေါင်းသင်းမယ်မင်း ဖြစ်စေချင်တဲ့အတိုင်းပဲ ခင်ဦး..''
"အင်း..''
ခင်ဦး လှည့်မကြည့်ဘဲ အတက်နိုင်ဆုံး အသံကိုထိန်း အင်းလို့ ပြောပြီး လှေတကားလက်တိုင်ကို ထိန်းကိုင်ပြီး အောက်ကို ဆင်းလာခဲ့သည်။ရင်ဘတ်ထဲမှာ ဘာမှမရှိတော့သလို လစ်ဟာသွားခဲ့သည်။တဆစ်ဆစ်နဲ့ ဆူးခနဲအောင့်တက်လာကြောင့် လမ်းမှာ ခဏနားလိုက်သည်။
"ခင်ဦးကို မုန်းတယ်တဲ့လား..ခင်ဦးလည်း ကိုကြီးဇေယျာကို မုန်းချင်တယ်...မမုန်းနိုင်ဘဲ ကိုကြီးဇေယျာဆီကနေ အချစ်တွေကို မျှော်လင့်နေမိခဲ့တဲ့ ခင်ဦးကိုယ်ခင်ဦးလည်း မုန်းတယ် ..''
"မကြီးခင်ဦး..''
"ဖိုးသား..''
"သား သိသိချင်း မကြီးခင်ဦးနောက်ကို ပြေးလိုက်လာတာသား လိုက်ပို့ပေးမယ်..''
"အင်း..ဖိုးသား..မနက်ကြရင် မကြီးနှင်းကိုပြောပြီး မကြီးရဲ့အဝတ်အစားတွေကို လာပို့ပေးခိုင်းပေးပါနော်..''
"သား လာပို့ပေးမယ်လေ..''
"နေပါ ဖိုးသားရယ်..ထမိန်တွေပါတော့ ဖုန်းနိမ့်မယ် ဖိုးသားလာမဖို့နဲ့နော်..''
ခင်ဦး အိမ်ကိုပြန်လာတော့ ပိုက်ပိုက် ပျော်နေသည်။ခင်ဦး ငိုနေတာကို သိတော့ သူ့စာကို ကျက်နေသည်။ခင်ဦး အိမ်ခန်းထဲကိုဝင်ပြီး အိပ်ယာခင်းပြီး အိပ်ယာထဲဝင်လိုက်တော့သည်။မျက်ရည်တွေကတော့ အဆက်မပြတ် စီးကျလျက်။ရင်ဘတ်က အောင့်အောင့်လာတဲ့အခါ အသက်ရှူရပ်မတက် ခံစားရသည်။
"ခင်ဦးက ဘာလို့တခြားသူတွေနဲ့ မတူရတာလဲ..ဘာလို့ အမြဲတမ်း ဝမ်းနည်းမှုတွေနဲ့ အသက်ရှင်နေရတာလဲ...ကလေးလေးရေ မင်းရဲ့ကံကဘယ်လိုလာမလဲ မသိပေမယ့် မင်းကိုမွေးမယ့် မေမေကတော့ ကံဆိုးတဲ့ မိန်းကလေးတစ်ယောက်ပဲ သိလား...မေမေ မင်းကိုတော့ ကံကောင်းစေချင်တယ် ကလေးရယ်...''
ဗိုက်ကလေးကို ကိုင်ပြီး ကိုယ့်အကြောင်းတွေးရင်း ကလေးလေးကိုပါ စိတ်ထဲကနေ စကားတွေပြောလိုက်သည်။ကလေးလေးကတော့ ခင်ဦးပြောတာကို ကြားနိုင်သည်ထင်ရဲ့..ဗိုက်ကို ကန်လာခဲ့သည်။
"မခင် အိပ်ပြီလား..အမေက ခဏထွက်လာဦးတဲ့..''
"အင်း..''
"အမေ သမီးကို ဘာပြောမလို့လဲ..''
"သမီးညီမလေးကို မမုန်းဘူးမလား... သမီးညီမလေးကို မမုန်းလိုက်ပါနဲ့ကွယ်..''
ခင်ဦး ပြုံးရင်း ခေါင်းညိတ်လိုက်၏။ ခင်ဦးကို လိုအပ်တဲ့ အခါမှ နူးနူးညံ့ညံ့ သမီးရယ်လို့ ခေါ်တက်တဲ့ အမေက အခု အထွေးကိုမမုန်းဖို့အရေး သမီးတဲ့..နားထောင်လို့ကောင်းလိုက်တာ..အမြဲကြားချင်ခဲ့တာ..အခုတော့ ဒီခေါ်သံလေးကို ကြားမိတော့ ရယ်ချင်မိသား..။
"ထမင်းမစားရသေးဘူးလေ..ထမင်းစားပြီးမှ အိပ်ယာဝင်လေကွယ်...''
"သမီး မစားချင်ဘူး အမေ...စာလာမှ ထစားမယ်နော်..''
ခင်ဦး အမေကို ပြောပြီးတာနဲ့ အိပ်ယာထဲဝင် ဝင်လိုက်၏။ပိုက်ပိုက်က ခင်ဦးနဲ့ အိပ်မယ်ပြောတဲ့အခါ အမေက ပိုက်ပိုက်ကို ဆူတဲ့အသံ ခင်ဦးကြားရသည်။ပိုက်ပိုက် ခင်ဦးနဲ့ မအိပ်ရလို့ ငိုရှာသည်။
"အမေ ပိုက်ပိုက် လာအိပ်ပါစေ..''
ပိုက်ပိုက် ချက်ချင်းပဲ ပြေးဝင်လာခဲ့သည်။
"မခင် သားနဲ့နေ့တိုင်း အိပ်တော့မှာလား..''
"အင်း..''
"မမအထွေးက ဟိုအိမ်မှာ ကိုကြီးဇေယျာနဲ့အိပ်တော့မှာလား..''
"အင်း.''
"ကိုကြီးဇေယျာက မခင်နဲ့မအိပ်တော့ဘူးလား..''
"အင်း..မခင် အိပ်ချင်ပြီ.. ပိုက်ပိုက်လည်း အိက်တော့နော်..''
"ဟုတ်..''
ကလေးလေးက သူ့အဖေအသံကို မကြားလို့နဲ့တူတယ်.ဗိုက်ကို ခဏခဏ ကန်နေတော့သည်။ကလေးလေးက သူ့အဖေအသံမကြားရလို့ အထဲကနေ ကန်နေသလို ခင်ဦးလည်း တိုးဝှေ့စရာ ရင်ခွင်ကြီးမရှိ၍ အိပ်လို့မရေပေ။
"ခင်ဦးကို မချစ်ပါပဲနဲ့ ဘာလို့အကျင့်ဖြစ်အောင် လုပ်ခဲ့တာလည်း ကိုကြီးဇေယျာရယ်...ကိုကြီးဇေယျာက ခင်ဦးကို ငယ်ငယ်ထဲက ကိုယ်ရောစိတ်ရောပါ နာကျင်စေခဲ့တာ..အခု နှလုံးသားကို နာကျင်စေခဲ့တာပဲ..ခင်ဦးကို ဘာတွေ ထပ်ကြီး အနိုင်လိုချင်သေးလဲ.. ကိုကြီးဇေယျာရယ်...''
မနက်လေးနာရီ ဒေါင်ဆိုတာနဲ့ ခင်ဦးထလိုက်သည်။ချက်ပြုတ်စရာရှိတာ ချက်ပြုတ်သည်။အမေက မလုပ်နဲ့ပြောလည်း အတွေးမဝင်အောင် အလုပ်လုပ်နေမှာ ဖြစ်မှာမို့ မျက်လုံးထဲ မြင်တဲ့အလုပ် မလုပ်လျှောက်လုပ်သည်။မျက်နှာမှာတော့ သနပ်ခါးမရှိချေ။ဆံပင်တွေကိုလည် ဖြီးလိမ်းပြီး ထုံးဖွဲ့ချင်စိတ်မရှိတော့တာကြောင့် ခေါင်းမဖြီး ဆံထုံးလိုက်တော့သည်။
နှင်းတောင် မကွဲသေး ကောင်းရယ် အကြည်ရယ် လုံးလုံးရယ်က ရောက်ချလာသည်။သူတို့အကြည့်တွေက ခင်ဦးကို သနားတာထက် စိတ်မကောင်းသည့် အကြည့်တွေဖြစ်သည်။
"ငါ အဲလူကို သတ်ချင်တာ ခင်ဦး..နင့်ကို ငါကတိပေးထားလို့ သိလား...နင့်ကို မျက်ရည်ကျတဲ့ သူတို့ကို ငါအမှုန့်တောင်ကြိတ် သတ်ချင်နေတာ ခင်ဦး..အမှန်ဆို ငါ နင့်ကို ကတိမပေးခဲ့သင့်ဘူးဟာ..''
"နင့်ကတိကို အမြဲတည်ပေးနော်... ကောင်းကိုကြီးဇေယျာကို လက်ဖျားနဲ့တောင် မထိပါနဲ့နော်...''
"နင်ဟာ..''
ကောင်းရဲ့ အသံဟာ ဆို့နစ့်သွားခဲ့သည်။
"ဒီအပတ်ရက်ရာဇာနေ့ နားဖောက်တဲ့ နင်သိပြီးပြီလား..''
"ဟင့်အင်း..''
"မင်္ဂလာဆောင်က တပို့တွဲလမှာတဲ့ မေမေတို့ ပြောနေတာ ကြားခဲ့တယ်.''
ခင်ဦး ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ခင်ဦးတုန်းက နားဖောက်ဆိုတာ ဘာမှန်းမသိခဲ့တာ မင်္ဂလာဆောင်ဆို ဝေးလို့ပေါ့ခင်ဦးက ကိုကြီးဇေယျာအတွက် တန်ဖိုးမရှိတဲ့ မိန်းကလေးပဲကိုးခင်ဦး တွေးပြီး အကြိမ်ကြိမ် ပြုံးမိသည်။
"ကျောင်းတွေတက်နေပြီ မဟုတ်လား...နင်တို့ဘယ်နေ့သွားကြမှာလဲ..''
"ပထမက ဒီနေ့ပြန်မလို့ပဲ..နင့်အကြောင်းကြားလို့ သုံးလေးရက်လောက် ဆက်နေမလားလိုပါ..''
"ငါ့ကြောင့်နဲ့ဟယ်..''
ခင်ဦးရဲ့ လက်ကလေးကို ဆုပ်ကိုင်လာပြီး စကားနည်းသည့် လုံးလုံးက ခင်ဦးကို ကြည့်၍
"ငါတို့အတွက် ကျောင်းပျက်ရက်တွေက ဘာမှမဖြစ်ဘူး...နင့်ကိုသာ စိတ်ပူတာပါဟယ်..''
"ငါ ဘာမှမဖြစ်ပါဘူး... ကောင်း နင် ငါ့ကို စကားမပြောတော့ဘူးလားဟာ...ငါ့ကို စိတ်ဆိုးသလား...''
"ငါ နင့်ကို စိတ်ဆိုးချင်တယ် ခင်ဦး...ဒါပေမယ့် မဆိုးနိုင်ဘူး ဖြစ်နေတယ် သိလား...ငါ နင့်ကို စိတ်ပူလွန်းလို့ ကျောင်းတောင်မတက်ချင်တော့ဘူး...အရင်လိုတစ်ယောက်ထဲမဟုတ်တဲ့ နင်..စိတ်ဆင်းရဲစရာတွေနဲ့ ကြုံနေရတဲ့ နင့်ကို ထားခဲ့ပြီး ကျောင်းမတက်ချင်ဘူးဟာ....''
ကောင်းက ခင်ဦးကြောင့်ငိုသည်တဲ့အကြည်နဲ့လုံးလုံးကလည်း ငိုလေတော့ ခင်ဦး လည်းမျက်ရည်မဆည်နိုင်ပါ။သူတို့ ရှေ့မှာမို့လို့ ဘာမှမဖြစ်ပါဘူးလို့ ပြောလိုက်သော်လည်း သူတို့မရှိတဲ့အခါ ခင်ဦး တစ်ယောက်ထဲ ဘယ်လို ရင်ဆိုင်ရမလဲ မသိပါ။
"ငါ ကလေးမွေးတဲ့ လမှာ နင်တို့ရှိရင် သိပ်ကောင်းမှာပဲ...''
"ငါတို့ ပြန်လာမှာပေါ့ ခင်ဦးရဲ့...နင်မမွေးခင် ကြိုလာခဲ့မယ်..''
"ကျေးဇူးပါပဲနော်..ငါ့ကလေးလေးကိုလည်း နင်တို့ ဝိုင်းစောင့်ရှောက်ပေးရမယ်...အများကြီး ချစ်မေးရမယ်နော်..''
"အေးပါဟာ..''
"အေးပါဟယ်..''
"နင်နဲ့တူတဲ့ သမီးလေးပဲနေမှာ သိလား...ခင်ဦးအသေးပေါ့ဟာ..ငါ အခုထဲကတောင် အမည်မှည့်လိုက်ပြီ..သနပ်ခါးပန်းလေးလို့..လှတယ်မလား ခင်ဦး..''
"အင်း..''
ခင်ဦးတို့ သူငယ်ချင်းလေးယောက် ဗိုက်ထဲက ကလေးလေးအကြောင်း ပြောကြသည်။ကောင်းကလည်း ကိုကြီးဇေယျာလို ခင်ဦးဗိုက်ထဲကလေးကို သမီးလေး ဖြစ်ချင်နေသည်။
"ကလေးလေးရေ..မင်းက မေမေနဲ့တူတဲ့သမီးလေးလားကွယ်.''
ခင်ဦး ဗိုက်လေးကို ကိုင်ပြီး ပြုံးနေချိန် မကြီးနှင်းရဲ့ အသံကြောင့် လှည့်ကြည့်လိုက်၏။ခင်ဦး အဝတ်အစားတွေကို လာပို့ပေးခြင်း ဖြစ်လေသည်။
"ကျေးဇူးပဲ မကြီးနှင်း..ရေသောက်ဦးမလား...''
"မသောက်တော့ဘူး ခင်ဦး...မကြီးလုပ်စရာရှိသေးလို့ ပြန်တော့မယ်...''
"အင်း..''
ခင်ဦး အပေါ်ဆုံးက ကတ္တီပါပိုးသား ပန်းရောင်အကျီဝမ်းဆက်လေးကို ကြည့်ရင်း မျက်ရည်တို့ စီးကျလာသည်။
"ခင်ဦး ဟန်ဆောင်နေရတာ ပင်ပန်းလိုက်တာ ကိုကြီးဇေယျာရယ်...''
အခန်းမှတ်ချက်များ (0)